ကျွန်ုပ်တို့နှင့်သစ်ပင်ချစ်သူတို့ရွာကလေး
ကျွန်တော်တို့ သစ်စေ့မျိုးစေ့တွေရှာဖွေစုဆောင်းပြီးသကာလ သစ်ပင်ပျိုးဖို့မြေနေရာရှာဖွေရင်း သစ်ပင်ချစ်တတ်တဲ့မိတ်ဆွေကြီးနဲ့ အဆက်အသွယ်ရခဲ့၏၊ပျိုးထောင်ရန်ကိစ္စအားလုံးကို မိတ်ဆွေကြီးကတာဝန်ယူဆောင်ရွက်ပေးပါ၏၊
မိတ်ဆွေကြီးက အားတက်သရော ကူညီပေးရှာပါတယ်၊
ရပ်ကွက်ထဲက ရင်းနှီးသူတွေက သူ့ကိုမေးတယ်၊ဘာလုပ်ဖို့လဲပေါ့၊
ပရဟိတအနေနဲ့ သစ်ပင်တွေ စိုက်လိုတဲ့နေရာကိုလှူဖို့ဆိုတော့ သစ်တောကနှစ်စဉ်ပျိုးပြီးဝေပေးနေတာဘဲ၊
မင်းတို့က
ကြောင်မ ရေချိုးနေတာလို့ သြဘာပေးသွားကြ၏၊
ရှားပါးမျိုးစေ့များဖြစ်သော
ပျဉ်းမဖြူနှင့်ရွှေခရာပင်မျိုးစေ့တို့ကို အဓိကပျိုးထောင်ခြင်းဖြစ်သော်လည်း ရေပေးစနစ်အားနည်းသဖြင့်ပျိုးထုပ်အချို့က ပျိုးသည့်အစေ့ကမပေါက်ဘဲ ဘင်္ဂပင်စသည့်အလေ့ကျပင်တွေဝင်ပေါက်နေ၏၊အချိုသောပျိုးထုပ်များက ပုရွက်ဆိတ်တို့စခန်းချရာဖြစ်၏၊ပျဉ်းမဖြူပင်တို့အရိပ်အရောင်မျှမတွေ့ရချေ၊
ထို့ကြောင့် စိန်ပန်းမျိုးစေ့များ အရေးပေါ်ရှာဖွေပြီး ထည့်ပေးရတော့၏၊
စိန်ပန်းပျိုးပင်တွေ အညွန့်သန်သန်မာမာနုနုပျိုပျိုတွေ ထွက်လာတော့ အနီးနားက အဖွားအိုတယောက်က
”ဟယ် ငါ့တူကြီး ဆူးပုတ်တွေပျိုးထားပါလား၊အညွန့်တွေသန်မှသန် တခါကျော်စာ ခူးသွားအုံးမှ ဆိုပြီး အညွန့်တွေချိုးပါလေရော၊
”ဟာ..အဒေါ် ဘာလို့စိန်ပန်းညွန့်တွေ ခူးတာလဲဆိုတော့
”ဟေ...ငါက ဆူးပုတ်မှတ်လို့ခူးနေတာ၊ဆူးမပါပါလား တော့တွေးမိပါရဲ့”ဆိုပြီး အညွန့်တွေ မြောင်းထဲလွှင့်ပစ်ပြီး ပြန်ထွက်သွားလေ၏၊
ဒီလိုနဲ့ မိုးဦးကျသစ်ပင်စိုက်ရာသီမှာ ပျဉ်းမဖြူမျိုးစေ့ရှာဖွေပေးသူများ
ပျဉ်းမဖြူပျိုးထုပ်ယူရန် ရောက်ရှိလာကြ၏၊ပျဉ်းမဖြူပင်ကားမရှိ၊
ပျဉ်းမဖြူဟုယူဆရသောအပင်သုံးလေးပင်၊အခြားပျိုးပင်အချို့နှင့်မျက်စိအားကောင်းသည်ဆိုသောအပြာရောင်ပန်းပွင့်များသယ်၍ ပြန်သွားကြ၏၊
ကျန်သော ပျိုးပင်များကို မိတ်ဆွေကြီးတို့ရပ်ကွက်နှင့်မြို့မှ စိုက်လိုသူများအတွက်ထားခဲ့၏၊
မိတ်ဆွေကြီးက တွန်းလှည်းလေးပေါ်ပျိုးပင်တွေတင်ပြီး ရပ်ကွက်ထဲဝေရန်လှည့်တော့၏၊အများစုက နေရာမရှိလို့ဟုဆိုပြီးပျိုးပင်မယူကြ၊အချို့က နင့်အပင်တွေ ဘာလုပ်ဖို့လဲဟုဆို၏၊ အချို့က
လာမပေးနဲ့ မြောင်းထဲလွှင့်ပစ်မယ်လို့ဆို၏၊သစ်ပင်တွေကြီးရင် သစ်ကိုင်းကျိုးကျမှာကြောက်၏၊သစ်ရိပ်ကြောင့် မှောင်မှာစိုး၏၊ဓာတ်ကြိုးနဲ့မလွတ်မှာစိုး၏၊လမ်းနဲ့မလွတ်မှာစိုး၏၊ပိုက်ဆံရသောအလုပ်မဟုတ်၍စိတ်မဝင်စားကြပေ၊ဒီလိုနေရာတွေဘယ်လောက်များမယ်မသိ၊
နွေတရာသီလုံးပြုစုပျိုးထောင်ခဲ့သည့်ပျိုးပင်တို့ အချီးနှီးဖြစ်ရတော့၏၊
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး
အချို့နိုင်ငံတွေ မိုးခေါင်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်း၊ငလျှင်၊အငတ်ဘေးစသည်များကြုံတွေ့နေကြတော့ ဒို့မြန်မာက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်၊ဘုန်းတန်ခိုးရှိသူတွေရှိတယ်၊ဒီလိုကပ်ဆိုးမျိုး ဘယ်တော့မှ မကြုံတွေ့နှိုင်ဘူးဟု ဆိုခဲ့ကြ၏၊
အခုတော့ မြန်မာလဲ ရာသီဥတုပြောင်းပြီး မိုးခေါင်ရေကြီးတွေဖြစ်ပြီ၊သုံးရာသီ ပီပြင်မှုမရှိတော့ချေ၊
ဥတုရာသီ တောကိုမှီ၏ ဆောင်ပုဒ်နဲ့အညီ သစ်ပင်သစ်တောတွေရှိဖို့လိုပြီ၊ထိန်းသိမ်းဖို့လိုပြီ၊
မြို့ရွာတွေမှာ လူဦးရေထူထပ်လာလို့ အသက်ရှူဖို့အောက်စီဂျင်သန့်သန့်လိုတယ်၊သစ်ပင်ကြီးတွေစိုက်ရင် အန္တရာယ်ရှိတာမှန်ပါတယ်၊သင့်တော်မယ့်အပင်တွေ မြို့ထဲရွာထဲမှာစနစ်တကျ စိုက်ဖို့အတွက် သစ်တောပျိုးဥယျာဉ်လူထုဖြန့်လောက်၊ပရဟိတသစ်ပင်စိုက်သူများလောက်၊အထိမ်းအမှတ်သစ်ပင်စိုက်ပွဲများလောက်မျှဖြင့်မဖြစ်နှိုင်ပါ၊နိုင်ငံတော်ကစနစ်တကျစီမံကိန်းဖြင့်ဦးဆောင်သင့်ပြီ၊
တောထဲတောင်ထဲ မြေလွတ်မြေရိုင်းတွေမှာ
ကုမ္ပဏီတွေ နေရာဦးထားခြင်းမျိုးမဟုတ်ဘဲ တကယ်စိုက်ပျိုးကြသူတွေရှိနေဖို့လိုပြီ၊
နိုင်ငံတော်က မြေလွတ်မြေရိုင်းများ မည်သူမဆို လျှောက်ထားခွင့်ပေးသော်လည်း လက်တွေ့လုပ်ကိုင်ရာမှာ ဥပဒေအကာအကွယ်ပေးမှု နည်းပါးလွန်းနေလို့ တကယ်လုပ်ကိုင်ချင်သူ တောင်ဂတုံးကိုလျှောင်ထုံးလိုသူတွေမဝံ့မရဲဖြစ်ရတယ်၊အခက်အခဲဖြစ်ရတယ်၊
ပြောင်းလဲချိန်တန်နေပြီဖြစ်ပါတယ်။





No comments:
Post a Comment