Monday, November 4, 2019

ယုတ္တိ​ဗေဒ

အ​တွေးအမြင်
**********
တစ်ခါက "အိုင်းစတိုင်း" ဟာ ဟောပြောပွဲတစ်ခုမှာ သူ့ရဲ့ပရိသတ်ကို မေးခွန်းတစ်ခု မေးတယ်။

"မီးခိုးခေါင်းတိုင်ဟောင်း တက်ပြင်တဲ့ လူနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက် ခေါင်းတိုင်ပြင်ပြီးလို့ ထွက်လာကြတဲ့အခါ တစ်ယောက်က တစ်ကိုယ်လုံး သန့်ရှင်းသပ်ရပ်နေပြီး နောက်တစ်ယောက်ကျတော့ ကျပ်ခိုးတွေ နဲ့တစ်ကိုယ်လုံး ညစ်ပေနေတယ်။ မေးချင်တာက ဘယ်တစ်ယောက်ဟာ အရင်ဦးဆုံး ရေသွားချိုးလိမ့်မယ် ထင်သလဲ..."

ပရိသတ်ထဲကတစ်ယောက်က လက်ညိုးထောင်ရင်း...

"တစ်ကိုယ်လုံး ညစ်ပေနေတဲ့သူက အရင်ဦးဆုံး ရေသွားချိုးမှာပါခင်ဗျာ..." လို့ ထဖြေတယ်။

"အိုင်းစတိုင်း" ထိုလူကို စေ့စေ့ကြည့်ရင်းနဲ့...

"ဟုတ်ရဲ့လား... သေသေချာချာလည်း ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်စမ်းပါဦး။ မီးခိုးခေါင်းတိုင်ထဲက ထွက်လာတဲ့ လူချင်းအတူတူ သန့်ရှင်းနေတဲ့သူက ညစ်ပေနေတဲ့သူကို မြင်တော့ သူ့ကိုယ်သူလည်း ပေတူးနေတဲ့သူတစ်ယောက်ပဲလို့ ထင်မြင်နေလိမ့်မယ်။

ကျန်ရှိတဲ့ တစ်ဖက်က လူဟာလည်း ဆန့်ကျင်ဘက်လူကို မြင်တော့ သူ့ကိုယ်သူလည်း သန့်ရှင်းနေတယ်လို့သာ ထင်မြင်မိမှာပဲ။ အဲဒီတော့ကာ နောက်တစ်ခေါက်လောက် မေးကြည့်ချင်တယ်။ ဘယ်တစ်ယောက် ရေအရင် သွားချိုးလိမ့်မယ် ထင်ပါသလဲ..." လို့ ပြောဆိုရင်း
ကျန်တဲ့ ကျောင်းသားတွေဘက် လှည့်ပြီး နောက်တစ်ကြိမ်ထပ်မံ မေးခွန်းထုတ်ပြန်တယ်

လူတစ်ယောက်ကစိတ်လှုပ်ရှားစွာနဲ့...

"ကျွန်တော်သိပြီ။ သန့်ရှင်းနေတဲ့သူက အခြားတစ်ဖက်ကလူ ပေတူးနေတာမြင်တော့ သူ့ကိုယ်သူ ညစ်ပေနေတယ်လို့ ထင်မယ်။ ကျန်တစ်ဦးက နောက်တစ်ဦး သန့်ရှင်းနေတာမြင်တော့ သူ့ကိုယ်သူ သန့်ရှင်းနေတယ်လို့ ထင်လိမ့်မယ်။ အဲဒီတော့ သန့်ရှင်းနေတဲ့သူက အရင်ဆုံး ရေအရင် သွားချိုးပါလိမ့်မယ်။ ကျွန်တော်ဖြေတာ မှန်ပါသလားခင်ဗျာ..." ဆိုပြီး ထဖြေတယ်။

အားလုံးကလည်း ဒီအဖြေကို သဘောတူတဲ့ပုံနဲ့ ဝိုင်းဝန်းထောက်ခံ အားပေးနေကြတယ်။

"အိုင်းစတိုင်း" က အားလုံးကို ခြုံငုံပြီး ကြည့်လိုက်တယ်။ ပြီးတော့  ဖြေးဖြေးနှေးနှေး လေသံနဲ့...

"ဒီအဖြေလည်း မှားပြန်တယ်။ ခေါင်းတိုင်ဟောင်းထဲက ထွက်လာခဲ့တဲ့ လူချင်းအတူတူကို တစ်ယောက်က ညစ်ပတ်ပြီး၊ နောက်တစ်ယောက်က သန့်ရှင်းနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
ဒါပဲလေ....
လူတွေပြောပြောနေတဲ့ ယုတ္တိယုတ္တာ
အကျိုးနှင့် အကြောင်းတရားဆိုတာ...

လူတွေရဲ့ အတွေးအခေါ်တွေ ဟာ
ပြဿနာ တစ်ခုပေါ်ရင် အကျိုးရှိလို့ အကြောင်းဖြစ်ရခြင်းနဲ့ အကြောင်းရှိလို့ အကျိုးဖြစ်ရခြင်းတရားကို မဆန်းစစ် မခွဲခြားနိုင်ကြတော့ဘူး။
ယုတ္တိဗေဒဆိုတာ အဲဒါပဲ။

ယုတ္တိတစ်ခုခုကို ရှာဖွေတော့မယ်ဆိုရင်
မိမိရဲ့ တစ်ယူသန် အတွေးအခေါ်တွေထဲကနေ ခုန်ထွက်လာနိုင်ရမယ်။

သမားရိုးကျတွေးခေါ်မျှော်မြင် စဉ်းစားသုံးသပ်ခြင်းရဲ့ ထောင်ချောက်ထဲကနေ လွတ်မြောက်အောင် ရှောင်ထွက်၊ ရုန်းထွက်လာနိုင်ရမယ်။
အမှန်တရားကနေ  လွဲမှားစေတဲ့ အရာကတော့ မိမိတို့ရဲ့ အမူအကျင့်၊ ဓလေ့စရိုက်၊ အစွဲအလန်းတွေကြောင့်ပဲ။

အကျိုးအကြောင်း ဆီလျော်အောင် ယုတ္တိတစ်ခုခု ရှာဖွေနိုင်ဖို့ဆိုတာ လူတွေရဲ့ပရိယယ်ကို ရှောင်ရှားနိုင်မှ ဖြစ်လိမ့်မယ်...."

#အိုင်းစတိုင်း

No comments:

Post a Comment