Wednesday, November 9, 2016

မျက်ဖြေအလင်္ကာ

"အနန္တသူရိယ အမတ်ကြီး၏ သေအံ့ဆဲဆဲ
ရေးခဲ့သော သမိုင်းဝင် မျက်ဖြေလင်္ကာ"
==============================

သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား၊
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား
ငါ့အားမသတ်
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ
လူတကာတို့
ခန္ဓာခိုင်ကြည်
အတည် မမြဲ
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ
သတ္တ၀ါတည်း။

ရှစ်ခိုးကော်ရော်၊
ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊
ခိုက်ကြုံ ၀ိပါက်
သံသာစက်၌၊
ကြိုက်လတ်တုံမူ
တုံ့မယူလို၊
ကြည်ညိုစိတ်သန်
သခင်မွန်ကို၊
ချန်ဘိစင်စစ်
အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ
ငါ့ခန္ဓာတည်း။

(အနန္တသူရိယ အမတ်)

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Sunday, October 30, 2016

ဖျက်စု


စေတီမှန်းထားမြတ်ဘုရား..တည်ထားကောင်းလျက်ညောင်ပင်ဖျက်။
မြစ်မရေနက်သောင်ပြက်ဖျက်။
မင်းကောင်းပါလျက်မင်းမြှောင်ဖျက်။
လက်ဆုံစားမယားကောင်းလျက်အမြောင်ဖျက်။
လက်ဆတ်တကူလှေမူခိုင်လျက်မီးပိုးဖျက်။
ဣတ္ထီယမူရူပကောင်းလျက်ဆံထုံးဖျက်။
ဓမ္မသတ်တရားရှိပါငြားလည်းတိမ်းပါးငဲ့ကွက်လက်ဆောင်ဖျက်။
သီလငါးပါးကျင့်သူအားကိုစီးပွားမရက်လောဘဖျက်။
သုခမိန်ဟုကျော်ရှိန်နှံ့သိပညာရှိလည်းကြီးဘိအမျက်ဒေါသဖျက်။
ဘောဇဉ်ငါးပါးပျားအရသာကောင်းပါပေလျက်ဆာငန်ဖျက်။

Monday, October 24, 2016

Invictus

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍
အနိုင်မခံအရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရသော်ငြားလည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
ဤလောဘဒေါသတို့၏ ကြီးစိုးရာဌာ၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျှက်ရှိ၏
သို့သော်ငါကား မတုန်လှုပ်သည်ကိုတွေ့ရအံ့၊
နောင်ကိုလည်းဘယ်တော့မှ မကြောက်သည်ကိုသာတွေ့ရအံ့။

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
သုဂတိသို့သွားရာတံခါးဝသည် မည်မျှပင်ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာမှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု၊
ငါသာလျှင်ငါ့ကံ၏ အရှင်သခင်ဖြစ် ၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

မူရင်း - William Ernest Henley -  Invictus (1849-1903)
ဘာသာပြန်ဆိုသူ - ဗိုလ်ချုပ်အောင်ဆန်း  ‘အနိုင်မခံ’ (အိုးဝေ မဂ္ဂဇင်း ၁၉၆၃၊ အတွဲ ၆၊ အမှတ် ၁

Saturday, October 1, 2016

အင်္ဂလိပ်ဆေး နှင့်မှားယွင်းသောအယူအဆများ

မှားနေသော ဆေးပညာ အယူအဆ - ဗဟုသုတ

✽  #အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

✘ အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုး မကြာခဏ ကြားရသည်။ မည်သူမည်ဝါဖြင့် ဆေးထိုးပြီး သံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင် ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သော ဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသော ဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။

✽ #အင်္ဂလိပ်ဆေးသောက်လျှင်အစာရှိမှသောက်ရမည်။

✘ အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။ ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး ၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။ တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။ မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ် ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာ မေးမြန်းသင့်ကြသည်။

✽ #တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊

✘ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင် ၀ိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည် အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊ ခြေမလက်မချိုးလို့  အတက်ကျသွားသည်ဟု ထင်နေကြသည်။ ဤသို့ သော အယူအဆသည် မှားယွင်းပါသည်။
ကလေးငယ်တက်လျှင် နှိပ်ခြင်း ၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည်ဆိုလျှင် ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။

✽ #အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း

✘ အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း အယူအဆမှားတစ်ခုသာဖြစ်သည်။ ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့် အမျိုးမျိုးထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊ အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက် ခွဲထားပေးသည်။ အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည် သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။ အကြောရောဂါများကို ပျောက်စေသည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုးပေရန် တောင်းဆိုတတ်ကြသော လူနာတစ်ချို့ သတိပြုကြရန်ဖြစ်သည်။

✽ #ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ

✘ ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည် အနာကိုမန်းမှုတ်ထားလို့ ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ ပြုလုပ်တတ်ကြသည်။ ခွေးကိုက်ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။ ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း ၀င်နိုင်သေးသည်။ အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။ တစ်ခါတစ်ရံဒဏ်ရာကြီးလျှင် ချုပ်ဖို့ လည်းလိုတတ်သည်။ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

✽ #အားဆေးမသောက်ရခြင်းများ

✘ လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။ အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။ အချို့ နေထိုင်မကောင်းပြီး ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။ အားဆေးသောက်လျှင် ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။ အားဆေးဟုဆိုရာတွင် အများအားဖြင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို ပိုမိုမဆိုးစေနိုင်ပါ။ သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည် သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို ပိုဆိုးစေသည်။ သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊ ကိုဘော့ စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း ပိုမိုဆိုးစေခြင်းမရှိပါ။ သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏ ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန္တရာယ် တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

Credit : ဒေါက်တာအေးကျော်၏ စာပေဗိမာန်စာမူဆုရ ဆေးပညာဗဟုသုတဒိုင်ယာရီ စာအုပ်မှ

ZAN HTET KO

Sunday, July 31, 2016

စပ်​မျိုးနဲ့ဗီဇပြုပြင်​ထား​သောမျိုး

စပ်မျိုး (Hybrid Seeds)၊ ဗီဇပြုပြင် ထားသော မျိုး (GMO Seeds)၊ ဘိုးစဉ်ဘောင်ဆက် စိုက်ခဲ့တဲ့ ဒေသမျိုး (Heirloom Seeds) စသည်ဖြင့် ခေါင်းစဉ်တွေက စိုက်ပျိုးသူတွေကို ရှုပ်ထွေးစေပါတယ်။ အချို့သူတွေက ကောင်းကောင်း နားမလည်ဘဲ ဒီလိုဆိုထားကြ ပါသေးတယ်။ “ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO Seeds) တွေ စိတ်ချ ယုံကြည်ရပါတယ်။ လယ်သများတွေ ဥယျာဉ်သမားတွေက နှစ်ထောင်ပေါင်း များစွာ တိုင်အောင် GMO လိုမျိုး ပင်ခြား ဝတ်မှုန် ကူးပြီး မျိုးစပ် စိုက်ပျိုး လာနေကြပါတယ်။ အပင်ပန်း ခံမနေကြ ပါနဲ့တော့”။ ဒါလုံးဝကို လွဲသွားပြီဗျ။ လယ်သမားတွေ၊ ဥယျာဉ် စိုက်ပျိုးသူတွေက နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ပင်ခြား ဝတ်မှုန် ကူးခဲ့ကြတာ မဟုတ်ပါဘူး။ အခုလိုပြောနေကြတဲ့ သူတွေက စပ်မျိုးနဲ့ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ အခြေခံ ခြားနား ချက်တွေကို ကောင်းကောင်း နားလည် မထားလို့ ဒီလိုရေးနေကြတာပါ။

စပ်မျိုးစေ့ဆိုတာ ဘာလဲ
လယ်သမားနဲ့ ဥယျာဉ်ခြံ သမားတွေက အပင်သစ်တွေကို နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ရွေးချယ် စိုက်ပျိုးခဲ့ကြတာ ပါ။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်နှစ်မျိုးကို သားဆက် ၆ ဆက်မှ ၁၀ ဆက်ကြာအောင် ပင်ခြား ဝတ်မှုန်ကူးပြီး အပင်သစ်ကို ရယူခဲ့ကြတာပါ။ (ဥပမာ မျိုးမတူဆိုတာက ဘူး အဝိုင်းသီးနဲ့ အရှည်သီး ဆိုတာမျိုးပါ)။
ဒီဖြစ်စဉ်က စိတ်ရှည်မှုလိုအပ်ပါတယ်။ ဒါပေမယ့်လည်း ပြန်ရချက်က ကောင်းလှပါတယ်။ ဒီလိုနည်းနဲ့ ရွေးချယ်ပြီး ပင်ခြား ဝတ်မှုန်ကူးသွားမယ်ဆိုရင် စိုက်ပျိုးသူတွေက သူတို့မြေ၊ သူတို့ ရာသီဥတု၊ သူတို့ ဒေသရှိ အကျိုးပြု မိတ်ဆွေ ပိုးတွေနဲ့ သဟာဇာတဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင် မျိုးသစ် တွေကို ဖန်တီးနိုင်ပါတယ်။ ၁၉ ရာစုနှစ် အလယ်ပိုင်းမှာတော့ ဒါဝန် နဲ့ မန်ဒယ် တို့က သားဆက်တစ်ခုတည်းနဲ့ လိုချင်တဲ့ မျိုးသစ်ကို ဖန်တီးနိုင်တဲ့ ထိန်းချုပ် မျိုးစပ်တဲ့ နည်းလမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီနည်းလမ်းကနေ ကျွန်တော်တို့တွေ သိနေတဲ့ ကုမ္ပဏီကြီးတွေက ရောင်းနေတဲ့ F1 Hybrid Seeds ဆိုတာကို ထုတ်နိုင်ပါတယ်။
ဒီစပ်မျိုးစေ့တွေက သူတို့ရဲ့ တွဲဖက်ပင်တွေလိုပဲ သဘာဝဆန်ပါတယ်။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးထားတာပါပဲ။
စပ်မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
အကြီးမားဆုံး ဆိုးကျိုးအနေနဲ့ကတော့ စပ်မျိုးတွေကို စိုက်ရင် ဒုတိယ သားဆက် (မျိုးခံပြီး နောက်နှစ်ထပ်စိုက်ရင်) ပထမစိုက်ခဲ့တုန်းက ရတဲ့ ထွက်နှုန်းကို ပြန်မရနိုင်ပါဘူး။ ဆိုလိုတာက F1( F1 လို့ ရေးထားတဲ့ မျိုးစေ့ထုပ်ထဲက အစေ့) အစေ့ကို စိုက်ပြီး မျိုးခံထား။ ပြီးတော့ နောက်တစ်ကြိမ်ပြန်စိုက် (ဒုတိယမျိုးဆက်) လိုက်ပါက ပထမနှစ်တုန်းက အပင်နဲ့ ပုံစံ၊ အထွက်နှုန်းတွေက တူဖို့ အခွင့်အရေး နည်းပါးသွားပါပြီး။ အငြိမ်းစား ဆရာကြီးတစ်ယောက်ကတော့ အပင်ကို သေချာရွေးချယ်ပြီး မျိုးခံရင်တော့ နောက်နှစ် အထွက် ကောင်းကောင်း ရနိုင်ပါသေးတယ်လို့ ဆိုပါတယ်။
ဒီနည်းက ဗီဇသဘာဝကို မှားယွင်းဖောက်ပြန်ပြီး ဖန်တီးထားတာတော့မဟုတ်ပေမယ့် ကုမ္ပဏီက စိုက်ပျိုးသူတွေကို သူတို့အပေါ် မှီခိုလာဖို့ မျိုးခံမရအောင် ဒီလို ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါက အိမ်တွင်း အသေးစားစိုက်ပျိုးသူတွေအတွက် အနည်းငယ် စိတ်ညစ်စရာလို့ ဆိုရပေမယ့် လယ်သမားတွေကြီးတွေ အတွက်တော့ အကြီးအကျယ် စိတ်ပျက်စရာပါပဲ။
နောက်ဆိုးကျိုးတစ်ခုကတော့ အပင်သစ်မှာ အထွက်တိုးလာဖို့၊ စားပင်တွေအနေနဲ့ အရွယ်ကြီး လှပလာဖို့ ဖန်တီးထားတာဖြစ်တဲ့အတွက် ပုံမှန်ထက် မြေသြဇာ ရေလိုအပ်ချက် များပြားလာပါတယ်။ ဒီတော့ သဘာဝမြေသြဇာ ကို ပြုလုပ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် ရွေးချယ်စရာက သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ဖျက်ဆီးနေတဲ့ ဓာတ်မြေသြဇာ အသုံးပြုဖို့ပဲ ကျန်ပါတော့တယ်။

ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO) ဆိုတာ ဘာလဲ။
စပ်မျိုးနဲ့ မတူက ဗီဇပြုပြင်ထားတဲ့ မျိုးစေ့က သဘာဝဆန်ဆန် နည်းပညာ လိုအပ်ချက် နည်းနည်းနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဗီဇပြုပင်ထားတဲ့ မျိုးစေ့ရရှိဖို့ ဓာတ်ခွဲခန်းထဲမှာ နည်းပညာမြင့်မြင့် နဲ့ ဗီဇတွေကို ဖြတ်တောက်နေရာ ချထားခြင်း စတဲ့ ရှုပ်ထွေး ဆန်းပြားလှတဲ့ နည်းလမ်းတွေကို အသုံးပြုရပါတယ်။
ဒါ့အပြင် GMO မျိုးစေ့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးတာနည်းပါးလှပါတယ်။ ပင်ခြားဝတ်မှုန်ကူးတာက သဘာဝနိယာမရဲ့ အောက်မှဘဲ ရှိနေတဲ့အတွက် သူတို့အတွက် သိပ်အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို မျိုးစပ်မယ့်အစား ဇီဝသဘောတရားမတူလှတဲ့ အုပ်စုတွေကို ပေါင်းစပ်ပါတော့တယ်။ ဥပမာ ဘက်တီးရီးယား တစ်မျိုးနဲ့ အပင်တစ်မျိုးနဲ့ ပေါင်းစပ်တာပေါ့ဗျာ။
ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မိုစန်တို ကုမ္ပဏီကနေ ဘီတီ Bt (Bacillus thuringiensis) ဘက်တီးရီးယားက ဗီဇကို ပြောင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖျက်ပိုးဒဏ်ကို ခံနိုင်ရည် ရှိဖို့ပါ။
ဒီတော့ ပြောင်းပင်ကို လာစားတဲ့ ပိုးမှန်သမျှ သေကုန်တာပါပဲ။ ဘာဖြစ်လို့ဆိုတော့ ပြောင်းပင်ရဲ့ အစိတ်အပိုင်းအားလုံးမှာ ပိုးသတ်ဆေး အာနိသင်တွေ ရှိနေလို့ပါ။ ဒီပြောင်းကို မိမိရဲ့ ကျွဲနွား၊ ကြက်ငှက် ဒါမဟုတ် မိမိကိုယ်တိုင် စားမိရင် ပိုးသတ်ဆေးကို စားနေသလိုပါပဲ။ အကောင်ကြီးတဲ့ သူတွေအတွက်တော့ ရေတိုမှာ ဘာဆိုးမှ မတွေ့ရပေမယ့် ရေရည်အတွက်တော့ ကြောက်စရာကောင်းလှပါတယ်။
ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
စိတ်မကောင်းစွာပဲ ဗီဇပြုပြင်ပြောင်းလဲခြင်းဆိုတာကို ကြီးကျယ်မြင့်မြတ်လှပါတယ်လို့ ခံယူနေကြပါတယ်။
မိုစန်တိုလိုမျိုး GMO ကုမ္ပဏီကြီးတွေက တော့ သူတို့ရဲ့ တီထွင်မှုက ဆန်းပြားလှပြီး သူမတူနိုင်တဲ့အတွက် မူပိုင်ခွင့် ရှိသင့်တယ်လို့ ငြင်းဆိုပါတယ်။ ဒီမူပိုင်ခွင့်က အရေးပါအရာရောက်လှပြီး ကမ္ဘာ့စီးပွားရေးကို ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်တဲ့ အထိ သက်ရောက်မှုတွေ ရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ သူတွေက GMO မျိုးစေ့က အခြားမျိုးစေ့တွေနဲ့ အများအပြား တူညီနေတဲ့အတွက် တံဆိပ်တပ်စရာ၊ စမ်းသပ်စရာနဲ့ အခြား ပညက်ချက်တွေ မလိုအပ်ပါဘူးလို့ ဆိုပါသေးတယ်။ ဒီတော့ မိမိစားမိတဲ့ အစားအသောက်က GMO မျိုးစေ့က ထုတ်တာလား ရိုးရိုးမျိုးစေ့ကနေ လုပ်ထားတာလားဆိုတာ သိဖို့ ခက်သွားပြန်ပါတယ်။
GMO မျိုးစေ့တွေက သူတို့ သတ်မှတ်ထားတဲ့ ပိုးမွှားရောဂါဒဏ်တွေကို ခံနိုင်ရည် ရှိပေမယ့် အခြား တစ်ဖက်မှာတော့ အရင်က ဂရုစိုက်စရာ မလိုတဲ့ ပိုးမွှားတွေ (Minor Pests) က ဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်တဲ့ ပိုးမွှားတွေအဆင့် သို့ ရောက်ရှိလာပါတယ်။ နောက် ပြဿနာတစ်ခုကတော့ ထိန်းချူပ်လို့ မရတဲ့ ပေါင်းပင် (Super Weed) ပဲ ဖြစ်ပါတယ်။ ဒါတွေက ဗီဇပြုပြင်ထားတဲ့ မျိုးတွေကို အသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ရလာဒ်တွေ ဖြစ်ပါတယ်။
Oxford Conference ရောက် ပညာရှင်များက အတိ အလင်း ဆိုလိုက်ပါပြီ။ နောက်ဆုံးပေါ် မျိုးရုီုးဗီဇ ပညာ တွေ့ရှိချက်တွေ အရ အရင်က မျိုးရုီုးဗီဇ ပညာရှင်တွေ တွက်ထားသလို ကောင်းတဲ့ မျိုးဗီဇကို ယူ မကောင်းတဲ့ ဗီဇကို ဖယ်ထုတ်ပြီး ဥုံဖွ ဟချလောင်း ဆိုပြီး လိုတိုင်းရ မျိုးအသစ်တွေ ဖန်တီးလို့ မရနိုင် ပါဘူး၊ အကြောင်းကတော့ မျိုးရိုးဗီဇ ဟာ non-linear သဘော ဖြစ်နေ လို့ပါ၊ အရင်က တွက်ထားသလို linear ဟုတ်မနေပါဘူး၊ အားလုံး နားလည်အောင် ပြောရရင်တော့ ပုံသေ ကားချပ် လှေနံဓါးထစ် ညီမျှခြင်း ထုတ်ပြီး အဖြေ ထုတ်လို့ မရပါဘူး။ လူသားတွေ ဘယ်လောက် တော်တော် သဘာဝကို ၁၀၀% နားလည်ဘို့ မဖြစ်နိုင်ဘူးဆိုတာ လဲ Oxford ကထောက်ပြထား ပါသေးတယ်။
နောက်ဆုံး အဆိုးဆုံး တစ်ချက်ကတော့ GMO မျိုးစေ့ကို စတင်သုံးလိုက်တာနဲ့ ကုမ္ပဏီရဲ့ မူပိုင်ခွင့် ဥပဒေတွေ ကြားမှာ မျိုးစေ့ကျွန်ဘဝသို့ ရောက်ရောက်သွားရတော့တာပါပဲ။

စပ်မျိုးစေ့ နှင့် ဗီဇပြုပြင်ထားသော မျိုးစေ့
အတိုချုပ်အနေနဲ့ကတော့ စပ်မျိုးဆိုတာ သဘာဝမှာ ရှိနေတဲ့ အပင်မျိုးတွေထဲက ကောင်းတဲ့အချက်တွေကို ပင်ခြား ဝတ်မှုန်ကူးပြီး ရယူထားတာဖြစ်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် ကြောက်စရာတော့ မကောင်းလှပါဘူး။ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကတော့ သဘာဝအတိုင်းမဟုတ်ဘဲ ဗီဇတွေကို ပေါင်းစပ် နေရာချထားတဲ့ အတွက် သင့်ကျန်းမာရေးအတွက် သာမက ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ် ကြီးမားလှပါတယ်။

ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကို ဘယ်လိုရှောင်ရှားမလဲ
• GMO ကုမ္ပဏီကြီးတွေက ပြောတဲ့ မက်လုံးတွေကို အပြည့်အဝ မယုံကြည်လိုက်ပါနဲ့။ သူတို့ပြောတဲ့ ထွက်နှုန်းတွေနဲ့ အမှန်တကယ်ထွက်နှုန်းတွေက အရမ်းကွာခြားပါတယ်။ နောက်ပြီး ကမ္ဘာကြီးရဲ့ တိုးပွားလာတဲ့ လူဦးရေကို ဝဝလင်လင်ကျွေးနိုင်ဖို့ ဒီမျိုးစေ့တွေက အရေးပါပါတယ်လို့ ပြောကြပါသေးတယ်။ အကယ်တော့ Oxford Conference ကနေုထုတ်ပြန်လိုက်တာက ကမ္ဘာကြီးဟာ လက်ရှိ လုဦးရေရဲ့ နှစ်ဆ ၁၄ ဘီလျံ အတွက် စားနပ်ရိက္ခာ ထုတ်ပေး ပြီးသားပါ။ လူသားတွေသာ ဝေမျှစားသောက်ကြမယ်ဆိုရင် ငတ်မွတ်မှုတွေ ရှိမှာ မဟုတ်ပါဘူး။
• GMO မျိုးစေ့သုံးလိုက်တာနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကို ကုန်ကျဖို့ ပြင်ဆင်ထားပါ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေအတွက် မဖြစ်မနေ ဝယ်ရပါတော့မယ်။
• သဘာဝကို ချစ်မြတ်နိုးပါ။ သဘာဝကို ချစ်မြတ်နိုးတာနဲ့ သင်ဟာ သဘာဝကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ရွံ့မုန်း လာပါလိမ့်မယ်။
• ဒေသမျိုးတွေကို သုံးစွဲပါ။ ရေမြေဒေသ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးစေ့တွေကို သင့်ကို နောင်တ ရစေမှာ မဟုတ်ပါဘူး။
• သဘာဝအတိုင်း စိုက်ပျိုးပြီး ဂုဏ်ယူလိုက်ပါ။ လောင်စာရှားပါးပြီး အစားအသောက် ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ ခေတ်ကြီးမှာ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေက လူတွေ တန်ဖိုးထား စားသုံးရတော့မယ့် အစားအစာတွေ ဖြစ်လာပါပြီ။ အခုဆို သြဂဲနစ်သီးနှံတွေက ဈေးကြီးပေးပြီး လူတွေ တန်ဖိုးထားတဲ့ အစားအသောက်အဖြစ် ရပ်တည်နေပါပြီ။
စာညွှန်း
Food Genegad : Hybrid Seeds vs. GMOs
Green Way : ဦးဝင်းမျိုးသူပြောတဲ့ GMO အကြောင်း
https://m.facebook.com/groups/570218853082323?view=permalink&id=655486314555576

Saturday, July 9, 2016

ပန်းအမျိုးမျိုးနဲ့စိတ်​ခံစားချက်

____ ပန်း အဘိဓာန် _____

၁။ ကံကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်

၂။ ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့
    ခင်မင်ကြရအောင်..

၃။ ခရေပန်း - မေ့ မသွားပါနဲ့...

၎။ ခေတ္တာပန်း - အားငယ်ရသူမို့ ညှာတာပါ...

၅။ ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်...

၆။ ခေါင်းလောင်းပန်း - အမြန်ဆုံးနီးစပ်ချင်တယ်....

၇။ ဂန္တာမာပန်းအဖြူ - ငြိမ်းချမ်းပါစေ..

၈။ ဂန္တာမာပန်းအဝါ - သတိရနေမယ်....

၉။ ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်.

၁၀။ စံပါယ်ပန်း -
မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်...

၁၁။ ဆပ်သွားဖူးပန်း -
သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်...

၁၂။ ဆောင်တော်ကူးပန်း - မင်းကြောင့်ရူးနေရပြီ

၁၃။ ညမွှေးပန်း - အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်....

၁၄။ ဒေလီယာပန်း -
မကြာခင်မှာ ဆုံတွေ့ကြရအောင်

၁၅။ ဒန်းပန်း - ဘဝကိုအရှုံးမပေးပါနဲ့.

၁၆။ ပိတောက်ပန်း -
မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ...

၁၇။ ဒေါနပန်း - တို့တွေ ခွဲခွာကြစို့...

၁၈။ နှင်းပန်း - အဆင်မပြေမှုတွေက ခဏပါ

၁၉။ နှင်းဆီပန်း အနီ - မင်းကိုချစ်မိနေပြီ

၂၀။ နှင်းဆီပန်း အဝါ - မိတ်ဆွေအဖြစ် ခင်ရအောင်

၂၁။ နှင်းဆီပန်း ပန်းရောင် - ကျေးဇူးတင်ကြောင်း..

၂၂။ နေကြာပန်း - မင်းရဲ့ဘဝရှေ့ရေးအတွက်တာဝန်ယူပါတယ်

၂၃။ ပျားခတ်ပန်း -
မင်းဟာ ပန်းပွင့်လေးလို လှပသူပါ...

၂၄။ ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်ပါ...

၂၅။ ဖယောင်းပန်း - အထီးကျန်ကြေကွဲရခြင်း

၂၆။ မြတ်လေးပန်း - ဇွဲသတ္တိရှိခြင်း

၂၇။ မိုးမခပန်း - လွမ်းဆွတ်ကြေကွဲရခြင်း..

၂၈။ သဇင်ပန်း - ကျေးဇူးပြုပြီးမမုန်းပါနဲ့

၂၉။ သစ်ခွပန်း -
ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...

၃၀။ သော်ကပန်း - ကိုယ့်ကိုခွင့်လွတ်ပါ..

၃၁။ သံလွင်ပန်း - အောင်မြင်ခြင်း ..ဂုဏ်ပြုခြင်း

၃၂။ ရွက်လှပန်း - နှုတ်ဆက်လိုက်ပါတယ်...

၃၃။ ဝိုင်အိုလက်ပန်း(ခရမ်းရောင်) -
မျှော်လင့်သလို ဖြစ်လာပါစေ..

၃၄။ အုန်းပန်း - ကံကောင်းခြင်း ။ ။

ဆရာမင်းခိုက်စိုးစန် ဘာသာပြန်ထားသော... စာအုပ်တစ်အုပ်မှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်

တဆင့်​မျှ​ဝေခြင်းဖြစ်​ပါသည်